နေပြည်တော် ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသာမက မွေးမြူရေးကဏ္ဍပါ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် မွေးမြူရေး ဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၅ ကျောင်းရှိပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကနဦးအနေနဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်း သုံးကျောင်းမှာ မွေးမြူရေးဒီပလိုမာသင်တန်းတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါပြီ။ စိုက်ပျိုးရေးသိပ္ပံ ပျဉ်းမနား၊ ပုသိမ်ကြီးနဲ့ ဟဲဟိုးတို့ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျောင်းသုံးကျောင်းအတွက် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်၊ လက်တွေ့ဆောင်၊ Mini Laboratory ၊ တိရစ္ဆာန်များအတွက် အစာဂိုဒေါင်၊ တိရစ္ဆာန်များ ထိန်းသိမ်းရန်အတွက် ခြံလုပ်သား ဝန်ထမ်းအိမ်ရာ၊ သင်ကြားရေး အထောက်အကူပြု တိရစ္ဆာန်များ မွေးမြူရေးခြံများနှင့် စားကျက်စိုက်ပျိုးရေး လုပ်ငန်းများကို စီမံထားရှိကာ ကျောင်းတစ်ကျောင်းလျှင် ဝက် (၁၀) ကောင်၊ နို့စားနွား (၅) ကောင်၊ အသားတိုးနွား (၅) ကောင်၊ ဆိတ် (၁၅) ကောင်၊ ဥစားကြက် (၅၀၀) ကောင်၊ အသားစားကြက် (၅၀၀)၊ ငါးသားပေါက် အကောင် (၃၀၀၀)  မွေးမြူထားရှိပြီးဖြစ်သည်။ 

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ စိုက်ပျိုးရေးသိပွံကျောင်းများတွင် ပညာသင်နှစ်အလိုက် မွေးမြူရေးဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ စိုက်ပျိုးရေးသိပ္ပံ ပွင့်ဖြူ၊ စိုက်ပျိုးရေးသိပ္ပံ သာယာဝတီ၊ စိုက်ပျိုးရေးသိပ္ပံ သထုံ၊ စိုက်ပျိုးရေးသိပ္ပံ မြစ်ကြီးနား၊ စိုက်ပျိုးရေးသိပ္ပံ ဇွဲကပင်နှင့် စိုက်ပျိုးရေးသိပ္ပံ ကျောက်တော်တို့ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့အတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စိုက်ပျိုးရေးသိပ္ပံ မြောင်းမြ၊ စိုက်ပျိုးရေးသိပ္ပံ ရွှေဘို၊ စိုက်ပျိုးရေးသိပ္ပံ ဒီးမော့ဆို၊ စိုက်ပျိုးရေးသိပ္ပံ လုံပီး၊ စိုက်ပျိုးရေးသိပ္ပံ ထားဝယ်၊ စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်းတို့ကို ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွေးမြူရေးဒီပလိုမာသင်တန်းကို ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန်၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများနှင့် မွေးမြူရေးပုဂ္ဂလိကလုပ်ငန်းရှင်များ၏ မွေးမြူထုတ်လုပ်မှုများအတွက် လိုအပ်လျက်ရှိသော မွေးမြူရေးပညာရှင်များ ဖြည့်ဆည်းပေးရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

“ဒီလိုသင်တန်းတွေ ဆောင်ရွက်တဲ့အခါ တက်ရောက်မယ့် သင်တန်းသားတွေ စဉ်းစားတာက ကျောင်းဆင်းသွားရင် ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းရှိမလဲဆိုတာ ဖြစ်တယ်။ ကျောင်းဆင်းမွေးမြူရေး ဒီပလိုမာသင်တန်းဆင်းတွေအနေနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှာဖြစ်စေ၊ စိုက်ပျိုးရေးသိပ္ပံတွေမှာ ဘာသာပြဆရာ၊ ဆရာမဖြစ်စေ၊ မွေးမြူရေးနဲ့ ဆက်နွယ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေမှာဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

မွေးမြူရေးဒီပလိုမာသင်တန်းဖွင့်လှစ်မည့် ကျောင်းတစ်ကျောင်းတွင် ကျောင်းသား (၂၅)ဦး၊ ကျောင်းသူ (၂၅)ဦး၊ စုစုပေါင်း (၅၀)ဦးဖြင့် လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက မွေးမြူရေးဒီပလိုမာ Diploma in Animal Husbandry (Dip.AH) ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မွေးမြူရေးဒီပလိုမာသင်တန်းမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (၄)နှစ် သင်တန်းဖြစ်သည့် မွေးမြူရေးသိပ္ပံဘွဲ့ Bachelor of Animal Science (B.A.Sc)သို့ ပေါင်းကူးတက်ရောက်ရန် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ အောင်မြင်ပါက (B.A.Sc)  သင်တန်း၊ တတိယနှစ်မှ စတင်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

“အခု ကျွန်တော်တို့ စီမံဆောင်ရွက်ထားတဲ့ အနေအထားက ကျောင်းတက်မယ်ဆိုရင် စိုက်ပျိုးရေးဘက်ပဲ တက်တက်၊ မွေးမြူရေးဘက်ပဲ တက်တက် ကျောင်းတက်တဲ့အချိန်မှာ နိုင်ငံတော်က ကျောင်းသားတစ်ဦးကို ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ Scholarship တွေ ပေးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေကိုတော့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နဲ့ညှိနှိုင်းပြီး ရေးဆွဲပြင်ဆင်ထား ရှိပြီးဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ 

သန်းမင်းအောင်(သတင်းစဉ်)