နေပြည်တော် ဖေဖော်ဝါရီ ၄
၂၀၂၁-၂၀၂၂ ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ဖေဖေါ်ဝါရီ ၃ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ထိရောက်သောငါးလုပ်ငန်းများ စီမံခန့်ခွဲမှုဖြင့် ငါးသယံဇာတ အရင်းအမြစ်များ၏ ကျက်စားရာနေရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငါးသယံ ဇာတများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ပင်လယ်ငါးဖမ်းဆီးထုတ်လုပ်မှု လျော့ချရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားရန်လို ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်များနှင့် လုပ်ငန်းရှင်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ငါးမဖမ်းရရာသီကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များမှ ငါးလုပ်ငန်းအဖွဲ့ချုပ် များနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ငါးလုပ်ငန်းဦးစီးဌာ က သုတေသနရလာဒ်များကို အခြေခံ၍ နှိုင်းယှဉ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန်လများကို တားမြစ်ပိတ်ပင်သွားရန်နှင့် အမျိုးအစားမတူညီသည့် လုပ်ငန်းအတွက် သတ်မှတ်ကာလ သီးခြားဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေနှင့် ဒီဇယ်ဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ကမ်းဝေးရေယာဉ် လိုင်စင်ခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ငါးမဖမ်းရရာသီ ကာလကို ကမ်းဝေးငါးဖမ်း လုပ်ငန်းများအပြင် ကမ်းနီး(စက်တပ်) ငါးဖမ်းရေယာဉ်များကိုပါ လိုအပ်သည့် ကန့်သတ်ချက် များထုတ်ပြန်နိုင်ရေးနှင့် ကမ်းနီးရေပြင် ဧရိယာသတ်ခြင်းအတွက် သက်ဆိုင်သူများ နှင့်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကမ်းနီးငါးဖမ်းရေယာဉ်များကို နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးနှင့် ရေယာဉ်အဝင်အထွက်လမ်းကြောင်း သတ်မှတ် စံနှုန်းများဖြင့် ခွင့်ပြုပေးထားမှု အခြေအနေများကိုလည်းကောင်း၊ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် အားလုံး ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)


