နေပြည်တော် ဖေဖော်ဝါရီ ၄
ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှုကိန်းဂဏန်းများ မှန်ကန်စေရေးနှင့် ပြည်တွင်း ဈေးနှုန်းတည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်ချည် စက်များအတွက် အဓိကလိုအပ်သော ဝါကုန်ကြမ်းဝယ်ယူရရှိရေး၊ ပြည်တွင်း ထွက်ရှိသည့် ဝါများကို ပြည်တွင်း ချည်မျှင်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လုံလောက်စွာ ဝယ်ယူနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုမည့် အခြေအနေ၊ ဝါနှင့် ချည်မျှင်လုပ်ငန်း Supply Chain တစ်လျှောက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပြည်တွင်းဝါအသုံးပြု၍ ချည်ထည်ထုတ်လုပ်သော စက်ရုံများ၊ ပြည်တွင်း ကုန်သည်လုပ်ငန်းရှင်များ မျှတသောအကျိုးစီးပွားခံစားရစေရေးနှင့် ဝါကဏ္ဍရေရှည် တည်တံ့ခိုင်မြဲစေရေး အတွက် လုပ်ငန်းစဉ်များအားလုံး ချောမွေ့စွာဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိ၍ ပြည်တွင်းထုတ်ကုန် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ဝါဝယ်ယူရေးကိစ္စများတွင် အဆင်ပြေချောမွေ့စေရန်တို့အတွက် အသေးစိတ်ညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် တာဝန်ရှိသူများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း၊ ချည်စက်လုပ်ငန်းရှင်များအစုအဖွဲ့နှင့် ယက္ကန်းလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


