သာယာဝတီ ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ(၃)ရက်၊ နံနက်ပိုင်းက သာယာဝတီမြို့နယ် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပိုင်း၌ (၁)မိုင်(၅)ဖာလုံ၊ (၁၂)ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အသရော်-အိပ်လဟာတာတာမိုင် (၂၃/၀+၂၀၀)ပေမှ (၂၃/၃+၄၂၀) ပေအတွင်း မြစ်မခမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကမ်းပြိုခြင်းကြောင့် နှစ်စဉ်လူနေအိမ်နှင့် လယ်ယာမြေများ ဆုံးရှုံးလျက်ရှိကြောင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဘဏ္ဍာငွေလေလွင့်မှုအနည်းဆုံးနှင့် ထိရောက်အမှုအရှိဆုံးသော နည်းလမ်းများဖြင့် ဆောင်ရွက်ကြ စေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ စံရွေးတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ကျန်းမာရေးဝန်ထမ်း ပြည့်စုံမှုရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဇရပ်ကြီးကျေးရွာ၊ မူလတန်းကျောင်းသို့ ရောက်ရှိပြီး အရိပ်ရသစ်ပင် စိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် KG ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးမှာကြားပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ ငွေကျပ်(၅)သိန်းနှင့် ကျောင်းသား/ သူများအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


