နောင်ချို ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၇၆၁) ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူမှုကို ဖေဖော်ဝါရီ ၅ ရက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၂၀၀၆ ခုနှစ် ဩဂုတ် ၁၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်းမှ သံဃာတော် အပါး ၁၀၀ ကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အကြိမ်ရေ ၄၇၆၁ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့၊ ဈေးရပ်ကွက်နေ ဦးအောင်ဌေး-ဒေါ်နန်းအေးခမ်း (မိတ်ဆွေကောင်းရွှေဆိုင်) မိသားစုက လောင်းလှူခဲ့ခြင်းဖြစ်သည်။
အဆိုပါ သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများက နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများကလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေ ကျပ် ၈၀၀၀၀ ဖြင့် လှူဒါန်းနိုင်ကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင် သံဃဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)


