ညောင်ရွှေ   ဖေဖော်ဝါရီ    ၅

ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetland Day) အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက အင်းလေးကန် ဘေးမဲ့တော ရွှေရန်ပြေ ပညာပေးပြခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက အမှာစကားပြောကြားပြီး အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက မြန်မာနိုင်ငံ ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေများနှင့် ၎င်းတို့၏ ပြဿနာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် အင်းလေးကန် ရေဝပ်ဒေသအား ပူးပေါင်းထိန်းသိမ်းပေးသည့် ထီးလင်းကျေးရွာ ဒေသခံထိန်းသိမ်းရေးအဖွဲ့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် တောင်ကြီးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်၊ ၂၀၀၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ၊ ၂၀၁၅ ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်း နယ်မြေ၊  ၂၀၁၈ ခုနှစ်တွင် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ၊ ၂၀၂၀ ပြည့်နှစ်တွင် အရှေ့အာရှငှက်များ ပျံသန်းရာ လမ်းကြောင်း အဖြစ် သတ်မှတ်ထားသော နေရာဒေသ ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်