မန္တလေး   ဖေဖော်ဝါရီ    ၅

ပန်းချီဆရာကြီး ဦးခင်မောင်စန်း(မန္တလေး) ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ(၁) ပန်းချီပြပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မန္တလေးတောင်ခြေ၊ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်း (Mandalay Hill ART GALLERY) တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပန်းချီဆရာမ ဒေါ်ခင်နန်းဆန်း (ပန်းချီစံအိမ်)က ပန်းချီပြပွဲကျင်းပရသည့် အကြောင်းကို ရှင်းလင်းပြောကြားပြီး ဆရာ ဦးခင်မောင်သန်း၊ ဆရာ ဦးဇော်ဝင်း(သစ်ထွင်း)၊ ဆရာ ဦးမျိုးမင်းသိုက်၊ ဆရာ ဦးစိုးဝင်းအောင်၊ ဆရာ ဦးမြင့်ထွန်းတို့က မုဒိတာစကားများ အသီးသီး ပြောကြားကြကာ ဆရာ မျိုးမင်းသိုက်က အမှတ်တရအဖြစ် ကဗျာရွတ်ဆိုခဲ့သည်။

ပန်းချီပြပွဲတွင် ပန်းချီဆရာကြီး ဦးခင်မောင်စန်း (မန္တလေး) ရေးဆွဲထားပြီး ပြပွဲများတွင် မပြသရသေးသည့် ပန်းချီကားများ အပါအဝင် ပန်းချီကား ၇၆ ကားအား ခင်းကျင်းပြသထားပြီး ပန်းချီစံအိမ် မိသားစုက ဆရာကြီး မကွယ်လွန်မီက ရေးသားခဲ့သည့် “မိမိကိုယ် မိမိမှန် ကြည့်ခြင်း” စာအုပ်များကို ရောင်းချခဲ့သည်။

ပန်းချီပြပွဲသို့ ပန်းချီဆရာကြီးများဖြစ်ကြသည့် ဆရာ ဦးခင်မောင်သန်း၊ ဆရာ ဦးဇော်ဝင်း(သစ်ထွင်း)၊ ဆရာ ဦးမျိုးမင်းသိုက်၊ ဆရာ ဦးစိုးဝင်းအောင်၊ ဆရာ ဦးမြင့်ထွန်း၊ ဆရာမ ဒေါ်ခင်နန်းဆန်း (ပန်းချီစံအိမ်)နှင့် မိသားစုဝင်များ၊ ပန်းချီဆရာ ဆရာမများ၊ ပန်းချီဝါသနာရှင်များ စုစုပေါင်း ၇၀ ခန့် တက်ရောက်ကြသည်။

အဆိုပါ ပန်းချီပြပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇော်လင်းဦး(အောင်စံ)