နေပြည်တော် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စု အချို့သည် ဒေသအခြေအနေအရ သွားလာရန် ခက်ခဲသော်လည်း ထိုဒေသရှိ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားတိုင်း ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသား ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ် ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးသည်။
မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက ကွတ်ခိုင်မြို့နယ်အတွင်း ဒေသအခြေအနေအရ သွားလာရန် ခက်ခဲသော ကောင်းခါးမန် ပြိန်းကျေးရွာအုပ်စု၊ ပန်နိမ့်ကျေးရွာ၊ နမ့်ဖလွန်းကျေးရွာအုပ်စုတို့မှ ဒေသခံတိုင်းရင်းသားများဖြစ်သည့် တအာင်း (ပလောင်)၊ ကချင်၊ ခိုလုံလီရှောနှင့် မုန်းဝန်း (တရုတ်) လူမျိုးများကို ကွတ်ခိုင်မြို့နယ် ဦးစီးမှူးရုံးသို့ ခေါ်ဆောင်ပြီး ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း က ပန်းခင်းစီမံချက်နှင့်ပတ်သက်သော အသိပညာပေး ဟောပြော ဆွေးနွေးခြင်း၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သော ဗဟုသုတမေးခွန်းများကို မေးမြန်းခြင်း၊ ဖြေဆိုနိုင်သူများကို ဆုငွေချီးမြှင့်ခြင်း၊ ဗလာမပါ ကံစမ်းမဲဖောက်ခြင်းနှင့် နေ့လည်စာအဖြစ် ထမင်းကြော်နှင့် ရေသန့်ဗူးများကို ဝေငှပေးခဲ့ကြောင်း သိရသည်။
လာရောက်ပြုလုပ်ကြသည့် ဒေသခံပြည်သူများထံမှ အသက်အကြီးဆုံးကြဖြစ်သော တအာင်း (ပလောင်) တိုင်းရင်းသား ဦးအိုက်ရီ (၇၆) နှစ်၊ ဦးစောငြိမ်း (၇၆) နှစ်နှင့် ဒေါ်အေးဆောင် (၈၈) နှစ်တို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း က လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ယနေ့လာရောက် ဆောင်ရွက်ကြသည့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စု (၄၂) စု၊ ပန်းခင်းစီမံချက်တွင် အကြုံးဝင်သည့် နိုင် ၃ (က) (၁၆) ဦး၊ နိုင် ၆ (က) (၁၇၂) ဦး၊ အသစ်လဲလှယ် (၂၆) ဦးနှင့် အခြားမိတ္တူ (၄) ဦး၊ စုစုပေါင်း (၂၁၈) ဦးကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


