နေပြည်တော် ဖေဖော်ဝါရီ ၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးနှင့်အတူ ဖေဖေါ်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင်  စစ်တွေ-ပလ္လင်ပြင် လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းစခန်းတွင် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း၊ တံတားများ ကောင်းမွန်ရန် လိုပါကြောင်း၊ ကွန်ကရစ်ခင်းရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီရန် လိုအပ်ကြောင်းမှာကြားပြီး ကွန်ကရစ်ခင်းပြီး လမ်းအပိုင်းကို ကြည့်ရှုစစ်ဆေးသည်။

စစ်တွေ-ပလ္လင်ပြင် ကွန်ကရစ်လမ်းသည် လမ်းအဆင့် Class A အမျိုးအစားတွင် ပါဝင်ပြီး ကွန်ကရစ်လမ်း (၂) မိုင် (၇) ဖာလုံ ၊ ကျောက်ချောလမ်း (၄) ဖာလုံ ၊ အမာခံလမ်း (၆) မိုင် (၃) ဖာလုံ၊ စုစုပေါင်း အရှည် (၉) မိုင် (၆) ဖာလုံရှိပြီး အဆိုပါ လမ်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာ (၁၂) ရွာ၊ အိမ်ခြေ (၂၇၃) အိမ် နှင့် လူဦးရေ (၁၃၀၀) ကျော်ကို အကျိုးပြုမည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

mdn

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ  တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း အဆောက်အဦ ဆောက်လုပ်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး  အဆောက်အဦများ အရည်အသွေးပြည့်မီရေး ၊ ခိုင်ခန့်ရေး ၊ လက်ရာသေသပ် ကောင်းမွန်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာမှာ  (၄) ခန်းတွဲ (၄) ထပ် အဆောက်အဦ (၄) လုံး၊ အခန်းပေါင်း (၆၄) ခန်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ-ဝါဘို ချောင်းကူးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး (P1) ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည် ။

ယင်းနောက် မင်းဘူး - အမ်း - စစ်တွေလမ်းကို (၂၄) ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း (၁) မိုင် (၂) ဖာလုံ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအရည်အသွေး စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည် ။ 

သတင်းစဉ်