နေပြည်တော် ဖေဖော်ဝါရီ ၅
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၏ လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ အဆင့်ဆင့်သော ဥပဒေရုံးများတွင် အကိုးအကားပြု သုံးစွဲနိုင်ရေးအတွက် စီရင်ထုံးစာအုပ်များ၊ ဥပဒေစာအုပ်အမျိုးမျိုး ထားရှိနိုင်ရေးအတွက် ဥပဒေစာကြည့်တိုက်များ ဖွင့်လှစ်ထားရန်ဖြစ်ကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးအတွက်လည်း တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက မိမိတို့ရုံးများ၌ ဥပဒေသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်သည် ဥပဒေရေးရာဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ အဆင့်ဆင့်သော ဥပဒေရုံးများသည် ပုံမှန်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် သီးခြားတင်ပြချက်၊ ထူးခြားဖြစ်စဉ်၊ ဝန်ထမ်းလိုအပ်ချက်၊ အခက်အခဲ ပြဿနာများနှင့် စပ်လျဉ်း၍ အဓိက အချက်များကိုသာ တင်ပြပေးစေလိုကြောင်း၊ တရားစွဲဆိုခြင်းနှင့် အမှုလိုက်လုပ်ငန်းများအား ပိုမိုကြီးကြပ်ဆောင်ရွက်ရန် အချိန်ကြန့်ကြာမှုမရှိစေပဲ ပြီးပြတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ တရားမစွဲဆိုမီ ဥပဒေအကြံပေး မိတ္တူများနှင့် အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေမှု တင်သွင်းရမည့် ကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်ရေးအတွက် သမာရိုးကျ နည်းလမ်းမဟုတ်ပဲ လိုအပ်လျှင် လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များကလည်း ၎င်းတို့၏ သီးခြားတင်ပြရန် ကိစ္စရပ်များ၊ ထူးခြားဖြစ်စဉ် ကိစ္စရပ်များ၊ ဝန်ထမ်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


