ရန်ကုန် ဖေဖော်ဝါရီ ၅

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့်လက်ရွေးစင် ကာယဗလ မောင် /မယ်များ၏ ကာယဗလ လက်ရည် စစ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် မြို့တော်စည်ပင် အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ကာယဗလ လေ့ကျင့်ရေးစခန်း ၌ကျင်းပသည်။

အဆိုပါလက်ရည်စစ်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ 

ရှေးဦးစွာ ကီလို (၇၀) အောက် ကာယဗလမောင်ပြိုင်ပွဲ၊ (၇၀)ကီလိုအထက် ကာယဗလမောင် ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်ပြိုင်ပွဲ၊ အမျိုးသမီး ကာယဗလမယ် ပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး စုံတွဲပြိုင်ပွဲများ ကျင်းပရာ လက်ရွေးစင် အားကစားသမားများက ကိုယ်ဟန် ခုနှစ်မျိုးဖြင့်လည်းကောင်း၊ တစ်ဦးချင်း စိတ်ကြိုက်ကိုယ်ဟန် အနေအထားဖြင့်လည်းကောင်း၊ ကျစ်လစ်ကြံ့ခိုင်မှုကိုနောက်ခံ တေးဂီတဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲ အပြီးတွင် ရန်ကုန်မြို့တော်ဝန်၊ အဖွဲ့ချုပ်ဥက္ကဌ ဒုတိယမြို့တော်ဝန်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကောမတီ အတွင်းရေးမှူး၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်း အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦအောင်နိုင်ဆွေတို့က ပြိုင်ပွဲအလိုက် ဆုရရှိသည့် အားကစားသမား ကာယဗလ မောင်/ မယ်များအားဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး မြို့တော်ဝန်က အားကစားသမား ကာယဗလမောင်/ မယ်များအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

အဆိုပါလက်ရွေးစင်ကာယဗလမောင်မယ်များသည် ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ရန် စခန်းသွင်း လေ့ကျင့်နေကြခြင်းဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်

 

mdn