လီမာ ဖေဖော်ဝါရီ ၆
ပီရူးနိုင်ငံ၏ နာမည်ကျော် ရှေးဟောင်းသုတေသန နေရာဖြစ်သည့် နက်ဇ်ကာတွင် ဖေဖော် ဝါရီ ၄ ရက်က လေယာဉ်ပျက်ကျခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျံတက်ပြီးနောက် မကြာမီအချိန်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် လေယာဉ်အမှုထမ်းနှစ်ဦးနှင့် ခရီးသွား ငါးဦးတို့ပါဝင်ကြောင်း ဒေသဆိုင်ရာမီဒီယာများ က ဖော်ပြကြသည်။
ခရီးသည်များမှာ အမေရိကန် ပြည်ထောင်စု၊ နယ်သာလန်နှင့် ချီလီနိုင်ငံတို့မှ ပါဝင်ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြသည်။ အသက်ရှင် ကျန်ရစ်သူမရှိကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ခရီးသွားများမှာ ပီရူးနိုင်ငံ မြို့တော်လီမာမြို့မှ တောင်ဘက် ၃၈၂ ကီလိုမီတာ အကွာရှိ နက်ဇ်ကာမှပြန်လာကြသူများဖြစ်သည်။ လေယာဉ်ပျက် ကျပြီးနောက် မီးလောင်ခဲ့ကြောင်း ဒေသတွင်း မီးသတ်သမားများက ပြောသည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းကို စုံစမ်းသွားမည်ဟု ပီရူးနိုင်ငံ၏ လေကြောင်းစုံစမ်း စစ်ဆေးရေး ကော်မရှင်က ပြော သည်။ နက်ဇ်ကာမှာ ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာဖြစ်သည်။
ဆင်ဟွာ