ဇီးကုန်း၊ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကန်ညီကိုကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို နေ့ချင်းအကျေပြန်ဆပ် ပြန်လည်ထုတ်ချေးစနစ်ဖြင့် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဖေဖော်ဝါရီ ၅ ရက်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ တခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ၊ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ (၄၀)ဦးထံသို့ ငွေကျပ် ၂၄ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ ၅၂ ဦးထံသို့ ချေးငွေကျပ် ၁၁ ဒသမ ၅၈ သန်း၊ အရောင်အဝယ်လုပ်ငန်း ဆောင်ရွက်သူ ၁၁ ဦးထံသို့ ချေးငွေကျပ် ၄ ဒသမ ၇၆ သန်း၊ အသင်းသူ အသင်းသား စုစုပေါင်း ၁၀၃ ဦးထံသို့ ချေးငွေကျပ် ၄၀ ဒသမ ၆၄ သန်းကို အတိုးနှုန်း ကျပ်တစ်ရာလျှင် ပြား ၅၀ နှုန်းဖြင့် အသင်းသူအသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးမှုအား ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုညို(ကျေးလက်)


