ငဖဲ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကကရစ်ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်ဦးစီးဌာန၏ ကြီးကြပ်မှု၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာသုံးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ တတိယပတ်မှ စတင်၍ ကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးခဲ့သည့်အတွက် လူဦးရေ ၁၄၀၀ ကျော်  အကျိုးပြုမည်ဖြစ်သည်။

အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းကို စစ်တောကျေးရွာတွင် အရှည်ပေ ၆၆၀၊ အကျယ် ၁၂ ပေ၊ထု ၆ လက်မ၊ ညောင်ကုန်းကျေးရွာတွင် အရှပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မတို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကံလယ်ကျေးရွာတွင် အရှည်ပေ ၁၀၀၀၊ အကျယ် ၃ ပေ၊ ထု ၆ လက်မတို့ဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းများကို စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ပြည်သူလူထု လုပ်အားတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။

ဇင်မာစောလှိုင်