ပဲခူး ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ် (၄)စီးနှင့် မီးသတ်ရေသယ်ယာဉ် (၁)စီးတို့အား ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ်စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် ရှိရန်လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းများလည်း စဉ်ဆက်မပြတ် လေ့ကျင့်နေရန်လိုအပ်ကြောင်း၊ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှုရှိအောင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုများ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီး စောင့်ရှောက်ရန် လိုအပ်သည့် မီးငြှိမ်းသတ်ယာဉ်များသည် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်သည့်အတွက် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် လွှဲပြောင်းပေးအပ်ခဲ့သည့် မီးငြှိမ်းသတ်ယာဉ်များမှ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းအား ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ မီးငြှိမ်းသတ်ယာဉ် (၄)စီးနှင့် မီးသတ်ရေသယ်ယာဉ် (၁)စီးတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ၃၁၁ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)