မင်းဘူး ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဓါတ်လှေကားတာဝါဖွင့်ပွဲနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်ပွဲများကို ဖေဖော်ဝါရီ ၅ ရက်က တစ်ပြိုင်တည်း စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးရှေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ စကုမြို့ကန်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းတို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရမှ မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ်ဆောင်းတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အကြီးအကဲများက နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီး ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒ စေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူသည်။
ဆက်လက်၍ မန်းရွှေစက်တော်ဘုရားကြီးရှိ ဓါတ်လှေကားတာဝါနှင့် စင်္ကြန်လျှောက်လမ်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရားဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက ဖွင့်ပွဲအမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့က ဓါတ်လှေကား ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်တကွ အကြီးအကဲများအားလုံးက ဓါတ်လှေးကားစီးကာ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ ဗုဒ္ဓပါဒ စေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်း အလှူတော် မင်္ဂလာအခမ်းအနားတွင် တက်ရောက်လာကြသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေကြသည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြန်လျှောက်လမ်းကို Phase-1 နှင့် Phase-2 ဟူ၍ နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ) ရှိပြီး၊ ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း ၁၈၀,၀၀၀ ခန့်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က စတင်တည်ဆောက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဘုရားဖူမိဘပြည်သူများအနေဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်ပွဲနှင့် ဆင်စခန်း (၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ အဆိုပါဆင်စခန်း၌ (၃)နှစ် တာကာလအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို မှာကြားဆောင်ရွက်ပြီး ဧည်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ဆင်စခန်းဖွင့်လှစ်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆင်စာကိတ်မုန့်ခွဲ၍ ဆင်များကို အစာကျွေးမွေးခဲ့ပြီး ဆင်စခန်းပြင်ဆင်ထားရှိမှုများ၊ ဆင်စာဘူဖေး ကျွေးမွေးနေမှုများနှင့် တည်းခိုဆောင်၊ နားနေဆောင်နှင့် ဆင်စီးအပန်းဖြေမည့် သဘာဝတောတောင် ရေမြေနှင့် ရှုခင်းနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


