ညောင်ဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အေးမတ္တာပရဟိတရေလှူတော်အသင်းက သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် ကွမ်းကြီးတဲတိုက် သို့ သွားရောက်ပြီး ကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလ သောက်သုံးရေဖူလုံစေရေးအတွက် ဖေဖော်ဝါရီ ၇ ရက် ၊ နံနက်ပိုင်းက ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ညောင်ဦးမြို့နယ် အေးမေတ္တာရေလှူတော်အဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သောက်သုံးရေ အခက်အခဲကြုံတွေ့ရသည့် ကျေးရွာများ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ သွားရောက်ပြီး စဉ်ဆက်မပြတ် သောက်သုံးရေ လှူဒါန်းနေကြောင်းလည်း သိရသည်။
အဆိုပါ သောက်သုံးရေလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် အေးမေတ္တာရေလှူတော် အဖွဲ့က သောက်သုံးရေအလှူရှင် ရန်ကုန်မြို့ ၊ ဝေမျှခြင်း ပရဟိတအဖွဲ့၏ လှူဒါန်းမှုအစီအစဉ်ဖြင့် ညောင်ဦး မြို့နယ် စက်စက်ယိုကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းသားကျောင်းသူ များ သောက်သုံးရေဖူလုံစေရေးအတွက် ရေဂါလန် ၁၆၀၀ ၊ ကွမ်းကြီးတဲတိုက်ရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရေအတွက် သောက်သုံးရေဂါလန် ၈၀၀ ၊ စုစုပေါင်း သောက်သုံးရေဂါလန် ၂၄၀၀ အား ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအဖွဲ့မှ ဦးဝင်းမင်းထွန်း ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


