နေပြည်တော်၊ ဖေဖေါ်ဝါရီ ၇
တိရစ္ဆာန်အစာပင်များ အမျိုးအစားအလိုက် အာဟာရပါဝင်မှုများအပါအဝင် တိရစ္ဆာန် အစာနှင့် သက်ဆိုင်သော သုတေသနများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူအကျိုး ရှိစေမည့် လက်တွေ့အသုံးချ သုတေသနများဖြစ်စေရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ညောင်ဇောက်ကျေးရွာအုပ်စုရှိ သဖန်းခြံ၏ ဆိတ်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က ဆိတ်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွား လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က သုတေသနနှင့် မျိုးပွားထုတ်လုပ်မှု ကွဲကွဲပြားပြား ဖြစ်ရန်လိုကြောင်း၊ စီးပွားရေး တွက်ချေကိုက်သည့် မျိုးပွားဖြန့်ဖြူးမှု ဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ရေရှားပါးသည့် ဒေသဖြစ်၍ ရေလေလွင့်ဆုံရှုံးမှု မရှိစေရေးအတွက် ရေသွယ်စနစ်၊ ရေပေးစနစ်များ ပြောင်းလဲရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားကို စနစ်တကျ လေ့လာခွဲခြားပြီး ရေအရင်းအမြစ် အသုံးပြုနိုင်မှုပေါ်မူတည်၍ တိရစ္ဆာန်အစာပင်များ စနစ်တကျ တိုးချဲ့စိုက်ပျိုးရန်လိုကြောင်း၊ မိုးရေဆင်းသည့် ရေလမ်းကြောင်းများ တလျှောက်တွင် ကွန်တိုလိုင်းများဖြင့် စနစ်တကျမြေယာ ဖော်ထုတ်ရာတွင် ရေထိန်း၊ ရေတားစနစ်များ ဆောင်ရွက်ပြီး မိုးရေကို စနစ်တကျစုဆောင်း အသုံးပြုရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စံပြရေကန် (၁) နှင့် စံပြရေကန် (၂) မွမ်းမံ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင် ရေလှောင်တမံအတွင်း ဝင်ရေ သိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ နွေစပါး၊ မိုးစပါး ထုတ်လုပ်မှုတွင် အထွက်နှုန်း လျာထားချက် ပြည့်မီကျော်လွန်ရေး၊ ဝါသီးနှံစိုက် ဧရိယာ တိုးချဲ့ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် ဆည်ပေါက်ဥယျာဉ်ခြံသို့ ရောက်ရှိကြပြီး စပျစ်နှင့် ဥယျာဉ်ခြံသီးနှံများ မျိုးသန့်မျိုးပွား ထုတ်လုပ်နေမှု၊ တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆည်ပေါက်ဥယျာဉ်ခြံကို မျိုးသန့် မျိုးစေ့ ပျိုးပင်ထုတ်လုပ်မှု သာမက စပျစ်နှင့်ပတ်သက်သည့် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်လိုကြောင်း၊ စပျစ်စိုက်စနစ်များ၊ မြေဆီဩဇာ ထက်သန်ရေးဆိုင်ရာ နှင့် သွင်းအားစုဆိုင်ရာ နည်းပညာပေး စံပြခြံအဖြစ် တောင်သူပညာပေး လုပ်ငန်းများကို စီမံချက်များရေးဆွဲပြီး ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆည်ပေါက်ဥယျာဉ်ခြံအနေဖြင့် စားပွဲတင်စပျစ် ၊ ဝိုင်ပြုလုပ်သော စပျစ် ၊ အသီးခြောက် ပြုလုပ်သော စပျစ်အမျိုးမျိုး၏ စိုက်ပျိုးစနစ်အမျိုးမျိုး နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) ကျင့်စဉ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


