နေပြည်တော် ဖေဖော်ဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကန်တော်ကြီးဆည်မှ ရေကို Plastic Filter Media နှင့် Gravel Media တို့ဖြင့် ရေသန့်စင်ခြင်း၊ အနှေးရေစစ်ကန်၌ Down Flow စနစ်ဖြင့် ရေသန့်စင်ခြင်း၊ ကလိုရင်းဆေးခတ် သန့်စင်ခြင်းစသည့် အဆင့် (၆) ဆင့်ဖြင့် သန့်စင်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်၊ လူဦးရေ ၁၁၇၀၀ အတွက် နေ့စဉ်ရေဂါလန် ၈ ဒသမ ၁ သိန်း အိမ်အရောက် ရေဖြန့်ဝေပေးနိုင်မည့် မြို့ရေပေးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့ရေပေးရေး လုပ်ငန်းများ ပုံမှန်လည်ပတ်မှုရှိစေရေး၊ လုပ်ငန်းများ အမြန်ပြီးစီးရေး တပ်ဆင်ရန် ကျန်ရှိသည့် ရေမီတာများကို အမြန်တပ်ဆင်နိုင်ရေး၊ ချေးငွေဖြင့် ဆောင်ရွက်ရသည် ဖြစ်၍ ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေး သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း သမဝါယမ လုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွားစေရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စံပြကျေးရွာအဖြစ် အကာင်အထည်ဖော် ဆောင်ရွက်မည့် ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာသို့ ရောက်ရှိကာ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြားသည်။
သတင်းစဉ်


