ရေး ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအုပ်စု တော်ကမာကျေးရွာအနီး မိုင်တိုင်အမှတ် (၂၅၆/၁၈-၂၁) ရေး-မော်လမြိုင်သွား ရထားလမ်းပေါ်ရှိ သင်္ဃန်းကျွန်း ချောင်းရိုးအား ဖြတ်သန်းဆက်သွယ်ထားသည့် တံတားအမှတ် (၁၇၃)၊ အရှည်ပေ (၆၀၀)ရှိ သံဘောင်ဘေလီတံတား၏ အလယ်အူတိုင်အနီးအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ မိုင်းခွဲဖျက်ဆီးကာ ဇွန်းတလင်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ သံဘောင် (၂)ချောင်းပြတ်ထွက်၊ (၁)ချောင်းကွေးကာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အခင်းဖြစ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ပြန်/ဆက်


