ကျိုက်မရော ဖေဖေဝါရီ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းမှစ၍ အဆိုပါအင်းအတွင်း၌ ကျင်းပခဲ့သည်။
ငါးဖမ်းပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်းတွင် ရိုးရာမပျက် ကျင်းပလေ့ရှိပြီး ငါးဖမ်းပွဲတော်မကျင်းပမီ ရက်ပိုင်းမှစတင်ကာ ငါးဖမ်းဝါသနာပါသူများ၊ ရပ်ဝေးရပ်နီးမှ အပျော်တမ်းငါးဖမ်း ဝါသနာပါသူများက အဆိုပါအင်းအတွင်းသို့ တပျော်တစ်ပါး လာရောက်ငါးဖမ်းလေ့ရှိကြကြောင်း အဆိုပါကျေးရွာနေ ဒေသခံများက ပြောသည်။
ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို နှစ်စဉ်ပြာသိုလတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ နောက်ကျမှ ကျင်းပခွင့်ရရှိပြီး ယခုနှစ်တွင် ငါးဖမ်းပွဲတော်သို့ ကျေးရွာပတ်ဝန်းကျင်မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်းငါးဖမ်းသူများက ရိုးရာမပျက် ပျော်ရွှင်စွာ ငါးများဖမ်းယူကြကြောင်း၊ ဖမ်းယူရရှိသောငါးများကို ချက်ပြုတ်ကြော်လှော် စားသောက်ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မှတ်တမ်းဓါတ်ပုံများရိုက်ကူးကာ သီချင်းများ သီဆိုကခုန်လေ့ရှိကြကြောင်း၊ အဆိုပါအင်းအတွင်း ငါးအမျိုးအစားပေါင်းစုံရှိ၍ ဖမ်း၍မကုန်နိုင်အောင် များပြားကြောင်း အဆိုပါငါးဖမ်းပွဲတော်ကို လေ့လာရန် ရောက်ရှိနေသည့် ဝါသနာရှင် ဦးလင်းထွန်းက ပြောသည်။
ငါးဖမ်းပွဲတော်ကျင်းပရာ ဒေါင်ဒင်အင်းကြီး၌ ငါးကြင်း၊ ငါးခူများ၊ ငါးဘတ်များနှင့် အခြားငါးမျိုးစုံတို့ရှိနေပြီး ဖမ်းရလည်းလွယ်ကူသဖြင့် ပျော်စရာအလွန်ကောင်းသော ရိုးရာပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလေ့ရှိကာ မွန်ပြည်နယ်အတွင်း ထင်ရှားသော ရိုးရာပွဲတော်တစ်ခုအဖြစ် ဒေသခံများမှ အစဉ်အလာမပျက် ကျင်းပလေ့ရှိကြောင်း ရေပူကော့စပ်ကျေးရွာ ဒေသခံပြည်သူများထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


