ကျိုက်ထို ဖေဖော်ဝါရီ ၈
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေချောမော လွယ်ကူနိုင်ရန် အမြင့်(၂၇)မီတာရှိ Tower တိုင်တွင် Cable Car ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မတော်တဆ အန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်ကယ်ဆယ်နိုင်ရန် ကျိုက်ထိုမြို့နယ် မီးသတ်ဦးဌာန၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ဦးဆောင်၍ Cable Car ဝန်ထမ်းများပူးပေါင်းကာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။
ယင်းသို့လေ့ကျင့်ရာတွင် ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ရဲညွန့်ထွေး၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး မြတ်ကိုနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ Cable Car (Managing Director) Mr. Kim Kang Sik နှင့် ဝန်ထမ်းများက Cable Car Gondola အိမ်အတွင်း၌ အကြောင်းတစ်စုံတစ်ရာကြောင့် ပိတ်မိနေသော ခရီးသွားဧည့်သည်များအား မြေပေါ်သို့ရောက်ရှိစေရန် ကယ်ထုတ်နည်း၊ တစ်စုံတစ်ခုကြောင့် အရေးပေါ်လူနာဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်နိုင်ရန် ဆောင်ရွက်ခြင်းလုပ်ငန်းများအား ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


