နေပြည်တော် ဖေဖော်ဝါရီ ၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၈)လမ်းရှိ ပင်မအလုပ်ရုံ(မြောက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအင်အားဖွဲ့စည်းပုံအတိုင်း၊ စက်မောင်းဝန်ထမ်းများ ဖြန့်ခွဲတာဝန်ချထားမှု၊ စက်ယာဉ်ယန္တရားများ ဖြန့်ခွဲမှုနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားပြီး၊ ပင်မအလုပ်ရုံ(မြောက်) မျက်နှာစာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် ကျူးကျော်ဆိုင်ခန်းများအား ဥပဒေအရ ဖယ်ရှားရာတွင် လုပ်ထုံး၊ လုပ်နည်း လွဲမှားမှုမရှိစေရေး ဂရုပြုရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ (၇၈)လမ်း၊ တံခွန်တိုင်ဈေးအနီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယန္တရားတပ်ခွဲ(မြောက်)သို့ ရောက်ရှိပြီး အဆောက်အဦ၊ လမ်း၊ တံတား၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (၅)ခုတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းရေးရာကိစ္စရပ်များကို မှာကြားသည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် JICA မှ လှူဒါန်းသော စက် / ယာဉ် / ယန္တရားများနှင့် တိုင်းဒေသကြီး / ပြည်နယ်၊ လမ်းအထူးအဖွဲ့များမှ အခြေစိုက်တပ်စုတွင် အကြီးစားပြင်ဆင်နေမှုတို့ကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းအတွက် စက် / ယာဉ် / ယန္တရားများ၊ စက်မှုကျွမ်းကျင်၊ ယန္တရားမောင်းဝန်ထမ်းများ စုဖွဲ့ထားရှိမှုကို တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားပြင်ဆင်ထားရှိရန် မှာကြားသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (ရတနာပုံ)သို့ သွားရောက်ခဲ့ပြီး တံတားကြံ့ခိုင်မှု၊ ပင်မတံတား CCTV Camera လုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်