နေပြည်တော်၊ ဖေဖော်ဝါရီ ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားဆောင်ရွက်ရမည့်ကိစ္စ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပေးသည့် စံပြုလုပ်ထုံး လုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှ အရေးကြီးသည့်ပြဋ္ဌာန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာကိစ္စများ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့် ရေထွက်ပစ္စည်းကုန်ချော ထုတ်လုပ်မည့် စက်မှုဇုန်တည်ဆောက်ရေးနှင့် မြိတ်ခရိုင်ရေပေးဝေရေး စီမံကိန်းကိစ္စများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိမှုကို မြိတ်အများပိုင်ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ အကြံပြုဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ သပြေချောင်းကျေးရွာအုပ်စုရှိ ခန့်ရွှေပြည်ကုမ္ပဏီလီမိတက်၏ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်းခြင်း လုပ်ငန်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်ဘိုခန့်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းဆိုင်ရာကိစ္စများ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့၊ သဗျာကျေးရွာအုပ်စုရှိ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော ထားဝယ်ရွှေပြည် ကုမ္ပဏီလီမိတက်၏ မှိုင်းခံ ရာဘာအဆင့် RSS-1,2,3 ထုတ်ကုန်များ ပြည်တွင်း/ ပြည်ပ ထုတ်လုပ်တင်ပို့ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာယုစိန်က လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


