အဒစ်အဘာဘာ ဖေဖော်ဝါရီ ၉
အာဖရိကတိုက်၌ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၉၃၃၈၁၄ ဦးရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ကျန်းမာရေး အေဂျင်စီများအားကိုယ်စားပြုသည့်အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ပြောကြား ချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၄၁၇၂၃ ဦး ရှိကြောင်းနှင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၉၉၆၉၉၆၆ ဦး ရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
လက်ရှိတွင် တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃ ဒသမ ၆၂ သန်း ကျော်နှင့် မော်ရိုကိုနိုင်ငံ၌ ၁၁၄၇၉၆၄ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်တစ်ဝန်းတွင် အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အများဆုံးဒေသဖြစ်ကာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသသည် ကူးစက်မှုဒုတိယအများဆုံးဖြစ်ပြီး အာဖရိကအလယ်ပိုင်းဒေသသည် ကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်