တွံတေး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ယိမ်းအကပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဗိုလ်မှူးဇာနည်မောင်တို့က အမှာစကားများပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မြချိုက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းနှင့် အမှတ်ပေးမှုတို့အား ရှင်းလင်းပြောကြားကာ အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ပေးပြီး ယိမ်းအကအလှပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။
အဆိုပါ ယိမ်းအကအလှပြိုင်ပွဲသို့ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျောင်း (၁၁)ကျောင်းမှ ယိမ်းအဖွဲ့ပေါင်း (၇၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများမှာ ထက်၊လယ်၊မူ စာစီစာကုံးပြိုင်ပွဲ၊ ထက်၊လယ်အဆင့် ကဗျာပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာ အဝတ်အစားပြိုင်ပွဲနှင့် ယိမ်းအကအလှပြိုင်ပွဲများကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား


