ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၀

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ သက်ဆိုင်ရာ ဌာနမှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန် - ပြည်လမ်း တစ်လျှောက် စမ်းချောင်းမြို့နယ်၊  မြေနီကုန်းတံတားအဆင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်အထိ လမ်းဘေးဝဲယာတစ်လျှောက်နှင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ မင်္ဂလာကန်ဝန်းကျင် စိမ်းလန်းစိုပြည် သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းမှ ဟံသာဝတီအဝိုင်းအထိ လမ်းဘေးဝဲယာ၌ မြေညှိခြင်း၊ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် အုတ်စီကွန်ကရစ်ဘောင်ခတ်ခြင်း၊ မြက်စိုက်ခြင်း၊ ကျောင်းအုတ်တံတိုင်းများ ဆေးသုတ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။  

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် မာလာဆောင်မှ ရန်ကုန်တက္ကသိုလ် သီရိဆောင်အထိ ခြံစည်းရိုးနှင့် လူသွားစင်္ကြံအကြား မလွတ်ကင်းသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ မြေပြုပြင်၍ မြက်စိုက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်မှ ရေမြောင်းများ ပြန်လည်တူးဖော်ရန်၊  ကျန်မြေကွက်လပ်များတွင် မြေယာရှုခင်းဆောင်ရွက်၍ မြက်ခင်းများရေဖျန်းနိုင်ရေး ပိုက်လိုင်းများပြန်လည် သွယ်တန်းရန်နှင့် လမ်းမကြီးတစ်လျှောက် သန့်ရှင်းသပ်ရေး လုပ်ဆောင်ဆောင်ကြရန်မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့်အနီး အင်းလျားကန်၌ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ ဆောင်ရွက်နေသော ရေထိန်းနံရံတည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင် လမ်းဘေးဝဲယာ မြေညှိခြင်း၊ လမ်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော် ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာကန်ရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းအနီး၊ ရေစုကန်တူးဖော်ပြီးစီးမှု၊ ရေစုကန်သို့ ရေဆင်းမြောင်းများ တူးဖော်နေမှု၊  ခရေပင်လမ်း မျက်နှာစာကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် မြေညှိပြုပြင်ပြီးစီးမှုနှင့် ကန်ပေါင်ပေါ်တွင် ကွန်ကရိလူသွားစင်္ကြံ စက်ဘီးလမ်း ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

သတင်းစဉ်