ဖေဖော်ဝါရီ ၁၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်တို့က ကြီးမှူး၍ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ပထမနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ သတ်မှတ်နေရာများတွင် အသီးသီး နေရာယူကြပြီး အားကစားအဓိဌာန် ၄ ချက်ကို ရွတ်ဆိုကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အားကစားသမားအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က အလှည့်ကျဂေါက်သီး ရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သည်။ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသင်းလိုက် (အကျောမဲ့၊ အကျောပေး) ပြိုင်ပွဲနှင့် တစ်ဦးချင်း (အကျောမဲ့၊ အကျောပေး)အဆင့်ပြိုင်ပွဲများပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ သင်းမှ အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ဦး စုစုပေါင်း ၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်


