မော်စကို ဖေဖော်ဝါရီ ၁၁

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Alied Resolve -2022 ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာလိုက်သည်။ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ရုရှားအရှေ့ပိုင်းတပ်ဖွဲ့ဝင်များနှင့် ဘယ်လာရုဇ်တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

ဘယ်လာရုဇ်ရှိ လေ့ကျင့်ရေးကွင်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အကြမ်းဖက်မှုတန်ပြန်ရန်နှင့် ရုရှား၏အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည်။ ထို့အပြင် ပြည်ပကျူးကျော် ရန်မူခြင်းများကို တွန်းလှန်ဖယ်ရှားရန်နှင့် နှိမ်နင်းရန် တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၀ ရက်အထိကြာမည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဘယ်လာရုဇ်ရှိ လေ့ကျင့်ရေးကွင်း ငါးကွင်းနှင့် တခြားလေ့ကျင့်ရေး နယ်မြေဒေသများတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဆင်ဟွာ