ဘာလင် ဖေဖော်ဝါရီ ၁၁

အွန်လိုင်းပေါ်မှ သတင်းတု သတင်းမှားများတိုက်ဖျက်ရေးအတွက် လာမည့် သုံးနှစ်အတွင်း သုတေသနစီမံကိန်း ၁၀ ခုကို ယူရိုငွေ ၁၅ သန်း အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျာမနီအစိုးရက ပြောကြားသည်။

၎င်းစီမံကိန်းများအရ သတင်းတုသတင်းမှားများ၏ရင်းမြစ်များကို ဖော်ထုတ်ကာ အွန်လိုင်းပေါ်ရှိ သတင်းတု သတင်းမှားများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဂျာမနီပညာရေးနှင့် သုတေသနဝန်ကြီး ဘက်တီနာစတက်ဝက်ဇင်ဂါက ပြောကြားသည်။

ယခုဆောင်ရွက်မည့် သတင်းတု သတင်းမှား တိုက်ဖျက်ရေး စီမံကိန်းများတွင် သတင်းတု သတင်းမှားများအား ညဏ်ရည်တု နည်းပညာကိုအသုံးပြုကာ ဖော်ထုတ်သွားမည်ဖြစ်သည်။ ထို့ပြင် သတင်းတု သတင်းမှားဟုယူဆရသော စာပိုဒ်များနှင့် ဓာတ်ပုံများအတွက် ၎င်းတို့အား ပေးပို့ရာ အရင်းအမြစ်များအထိ ဖော်ထုတ်နိုင်သောနည်းစနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်း၌ သတင်းတု သတင်းမှားရေးသားသူဟု သံသယရှိသူများအား သတိပေးသည့်စနစ်ကို ထည့်သွင်းအသုံး ပြုသွားမည်ဖြစ်သည်။

ဂျာမနီပညာရေးနှင့် သုတေသနဝန်ကြီး ဌာနသည် သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေး အတွက် ယူရိုငွေ သန်း ၃၅၀ အား ၂၀၂၆ ခုနှစ်အထိ ကျခံသုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ