ဂျေရုဆလင် ဖေဖော်ဝါရီ ၁၁

အစ္စရေးနိုင်ငံသည် လုပ်ငန်းသုံး ဒရုန်းယာဉ်များအား ပထမဆုံးအကြိမ်အဖြစ် အရပ်ဘက် လေပိုင်နက်အတွင်း တရားဝင်ပျံသန်းခွင့်ပြုလိုက်ကြောင်း အစ္စရေးပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာလိုက်သည်။

ယခုခွင့်ပြုချက်အရ နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မှုခင်း ကာကွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများအား အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း အစ္စရေး ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးဝန်ကြီး မီရတ်မီချယ်လီ က ပြောကြားသည်။

ယခုခွင့်ပြုမိန့်ကို အစ္စရေး အမျိုးသားလေကြောင်းအာဏာပိုင်အဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒရုန်းယာဉ်သည် အလေးချိန် ၁ ဒသမ ၆ တန်ရှိကာ အမြင့်ပေ ၇၆၀၀ ၌ ၃၆ နာရီကြာ ပျံသန်းနိုင်ကြောင်းနှင့် ရှာဖွေဖော်ထုတ်ရေးကိရိယာများနှင့် ရေဒါကဲ့သို့သော ပစ္စည်းများအပါအဝင် အလေးချိန် ၄၅၀ ကီလိုဂရမ်ကို သယ်ဆောင်ပျံသန်းနိုင်ကြောင်း သိရသည်။ ၎င်းဒရုန်းယာဉ်များအား နယ်စပ်ဒေသလုံခြုံရေး၊ အများပြည်သူဆိုင်ရာ အခမ်းအနားများလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ အသုံးပြုသွားမည်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ