ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်း စည်ပင်အိမ်ရာဝင်း၌ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသား၊ ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဝန်ထမ်းမိသားစုများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရန် လိုက်လံကြည့်ရှု ကြပ်မတ် စစ်ဆေးသည်။

ထိုမှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီးသဘာဝဥယျာဉ် ကရဝိက် ဝင်ပေါက်မှ တေဇာဒီပကျွန်းအကြား လူကူးသစ်သားတံတား ပြန်လည်ပြုပြင် ခင်းကျင်းနေမှုကို လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် မာလာဆောင်ရှေ့ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှ ခြံစည်းရိုးနှင့် လူသွားစင်္ကြံအကြား မြေပြုပြင် မြက်စိုက်၍ မြေယာရှုခင်းဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ မင်္ဂလာကန်သို့ သွားရောက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ကန်ပေါင်နှင့် ခရေပင်လမ်းအကြား မြေပြုပြင် မြက်စိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံ  စက်ဘီးလမ်း  ခင်းကျင်းနေမှုတို့ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၃) ဒညင်းကုန်းရပ်ကွက်ရှိ ရွှေပြည်သာတံတား ပြန်လည်ပြုပြင်ရေးအတွက် ရေလယ်တိုင် အမှတ် (၄) (P4) ရေတိုက်စားခြင်း ကာကွယ်ရန်အတွက် ကျောက်ချခြင်းလုပ်ငန်းနှင့် ရွှေပြည်သာဘက်အခြမ်း ရေလယ်တိုင် P1 နှင့် လှိုင်သာယာဘက်အခြမ်း ရေလယ်တိုင် P6 တို့၏ ဆွေးမြေ့နေသော သံမဏိသံဘောင် Bottom Chord များ ပြုပြင်ခြင်း လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ 


(သတင်းစဉ်)