နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား ပြည်သူများ လေ့လာနိုင်ရန် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားရာ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဉီးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းနှင့် ဇနီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဉီးရဲတင့်နှင့် ဉီးဇော်အေးမောင် နှင့် နေပြည်တော်ကောင်စီဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်များနှင့် ရိုးရာယဉ်ကျေးမှုအလိုက် ကပြဖျော်ဖြေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ကချင်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ရှေ့၌ ကချင်ပြည်နယ်ရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ကချင်ရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း၊ ဉီးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဉီးခက်ထိန်နန်၊ ဒုတိယ ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြပွဲလာပြည်သူများ ဝယ်ယူအားပေးနိုင်ရန်နှင့် သုံးဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆိုင်များဖွင့်လှစ်၍ တိုင်းရင်းသား ရိုးရာအစားအစာများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ဂုဏ်ပြုယာဉ်များပေါ်တွင် ပြည်သူများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ချစ်ခင်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသထုတ်ကုန်များကို သရုပ်ဖော်ပြသပေးထားရာ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြသည်။
ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာများကိုလည်း ရောင်းချပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်းသားအစားအစာများကို စားသုံးနိုင်သည့် အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများစိတ်ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူသုံးဆောင်ကြသည်။
ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်


