(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယခုကဲ့သို့ ဂုဏ်ပြုယာဉ်များနှင့် တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးမှုနှင့်ပတ်သက်၍ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသူများ၊ လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို မျှဝေလိုက်ရပါသည်။
မဂျူးဂျူး( မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအဖွဲ့)
စိန်ရတု ဂုဏ်ပြုအခမ်းအနားမှာ ကပြဖျော်ဖြေခွင့်ရတာ ကိုယ့်ကိုယ်ကိုယ် အားရမှုရှိသလို ဒီပြပွဲကြီးမှာလည်း ပြည်သူတွေကို ကပြဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ပြပွဲကို ပြည်သူတော်တော်များများ လာကြပြီး စည်စည်ကားကား ဖြစ်သွားတာတွေ့ရတော့ ပျော်ရွှင်မိပါတယ်။ ပြပွဲနောက်ဆုံးနေ့အထိ အားရပါးရ ကပြဖျော်ဖြေသွားမှာပါ။ တိုင်းရင်းသား အစားအစာတွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်။ ဒါကြောင့် ပြည်သူတွေလာရောက်ဝယ်ယူ အားပေးကြပါလို့ နှိုးဆော်ပါတယ်။
မအေးအေးသန့် (ပြပွဲလေ့လာကြည့်ရှုသူ)
ဒီပြပွဲလာကြည့်ရတာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ်။ တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း တစ်နေရာတည်းမှာ စားခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ကချင်ပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ ကချင်ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေမှုဟာ ပျော်စရာကောင်းတဲ့အပြင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့် ရတဲ့အတွက် ပျော်စရာကောင်းပါတယ်။ ဒီပြပွဲကို လာရောက်လေ့လာခြင်းအားဖြင့် အသိအမြင် ဗဟုသုတတွေ၊ ဒေသန္တရ ဗဟုသုတတွေများစွာ ရရှိမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ လာရောက် လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။
မချိုချိုလတ်(ပြပွဲလေ့လာကြည့်ရှုသူ)
စိန်ရတုပြည်ထောင်စုနေ့ပွဲမှာ တိုင်းဒေသကြီး/ ပြည်နယ်တွေက ကိုယ်စားပြုဂုဏ်ပြုယာဉ်တွေ ပါဝင်မယ်လို့သိရပါတယ်။ ဒီလိုသိရကတည်းက ဂုဏ်ပြုယာဉ်တွေကို စုစည်းပြီး ပြည်သူတွေကို ပြန်လည် ပြသပေးရင် ကောင်းမယ်လို့ စိတ်ထဲတွေးမိဖူးတယ်။ အခုတော့ ဆန္ဒတွေပြည့်ဝခဲ့ပါတယ်။ ပြပွဲရောက်တဲ့ အခါမှာလည်း ခမ်းခမ်းနားနားနဲ့ ပြင်ဆင်ထားတာ တွေ့ရတော့ အတိုင်းမသိဝမ်းသာမိပါတယ်။ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တွေကလည်း ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတဲ့အပြင် ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဒီလိုအလှပြယာဉ်တွေကို မြင်ဖူးတာ ကျွန်မအတွက် ပထမဆုံးဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း စားသုံးရတာ အရသာရှိပါတယ်။ နောက်ပြီး ဂုဏ်ပြုယာဉ်တွေအပေါ်မှာ တိုင်းရင်းသားပေါင်းစုံရဲ့ အထင်ကရနေရာတွေ၊ အထိမ်းအမှတ်တွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို စုစည်းပြသထားတဲ့အတွက်လည်း ဗဟုသုတ များစွာရရှိပါတယ်။ ။
ဦးမျိုးဦး(ပြပွဲလာရောက်ကြည့်ရှုသူ)
ဒီလိုပွဲမျိုးကိုလာရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ အထိမ်းအမှတ်တွေနဲ့ အထင်ကရနေရာတွေကို ကြည့်ခွင့်ရတဲ့အတွက် ကလေးတွေအတွက်လည်း ဗဟုသုတတွေရပါတယ်။ ဒီလိုပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အထင်ကရနေရာတွေကိုတစ်စုတစ်စည်း တည်းတွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တိုင်းရင်းသားအစားအစာတွေနဲ့ အထိမ်းအမှတ်တွေကို အခုလိုတွဲဖက်မြင်ရတော့ အဲဒီပြည်နယ်တွေကို ရောက်သွားသလို ခံစားရပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုမြင်ကွင်းမျိုးတွေ တွေ့ချင်ပါသေးတယ်။
ကိုကျော်သူနှင့် မိသားစု (ပြပွဲလာရောက်ကြည့်ရှုသူ)
ကျွန်တော့်သက်တမ်းနှစ် ၄၀ မှာ ဒီလိုပွဲတော်မျိုး တစ်ခါမှမသွားဖူးပါဘူး။ ဒီလို ဂုဏ်ပြုယာဉ်တွေနဲ့ ပြတဲ့အတွက် အထူးအဆန်းလည်းဖြစ်တယ်၊ မိသားစုတွေအနေနဲ့လည်း ပိုပြီးပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ ကလေးတွေကလည်း အထင်ကရနေရာတွေကိုမြင်ရတော့ ဗဟုသုတပိုရပါတယ်။ တိုင်းရင်းသားတွေ အစုံပါတဲ့အတွက် တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု တို့ကို ဖော်ဆောင်ရာလည်း ရောက်ပါတယ်။ တိုင်းရင်းသားရိုးရာ အစားအစာတွေကလည်း အရင်က စားနေကျဖြစ်ပေမယ့် အခုလိုတကယ်ရိုးရာ လက်ရာစစ်စစ်ကို စားသုံးရတဲ့အတွက် အဲဒီဒေသတွေရဲ့ အငွေ့အသက်လေးတွေကို ပိုပြီးခံစားမိပါတယ်။ နောင်လည်း ဒီလိုတိုင်းရင်းသားချစ်ခင် ရင်းနှီးမှုလေးတွေကို မြင်ချင်ပါတယ်။
ကိုဟန်လင်း (တိုင်းရင်းသားရိုးရာအစားအစာရောင်းချသူ)
ဒီနေ့လို ခမ်းနားတဲ့ပြပွဲမှာ ကျွန်တော်တို့ရဲ့ ဗမာရိုးရာအစားအစာ ပါဝင်ရောင်းချရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ နောက်ပြီး တခြားတိုင်းရင်းသားရိုးရာ အစားအသောက်တွေကိုလည်း စားသုံးခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိတယ်။ လာရောက်စားသုံးတဲ့ သူတွေကိုလည်း ဈေးနှုန် ချိုသာစွာနဲ့ ရောင်းချပေးပါတယ်။ ဂုဏ်ပြုယာဉ်တွေကိုလည်း လွတ်လွတ်လပ်လပ် ကြည့်ရှုခွင့်ရပါတယ်။ ပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကို ပြောကြားလိုပါတယ်။


