နေပြည်တော် ဖေဖော်ဝါရီ ၁၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏  အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌    ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုသင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှစပြီး ရက်သတ္တပတ် (၅) ပတ်ကြာ စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။  သင်တန်းဆင်း ဝန်ထမ်းများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း။ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန် တိုင်းဒေသကြီး / ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

 

သင်တန်း အဓိကရည်ရွယ်ချက်သည် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်ကိုက်ညီသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူ၍ မိမိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်ကြောင်း။

 

သင်တန်းသူ/သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေများ၊ နည်းဥပဒေများအပြင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကြရန်လိုကြောင်း။ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာပြီး ဌာနအသီးသီး၏ ပေးအပ်သည့်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ က အဆောက်အဦဦးစီးဌာန မှ (၃၇) ဦး ၊ လမ်းဦးစီးဌာန မှ (၁၄၂) ဦး၊ တံတားဦးစီးဌာနမှ (၂၈) ဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၆၄) ဦး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၈၂) ဦး၊ စုစုပေါင်း သင်တန်းသူ/သင်တန်းသား (၃၅၃) ဦး ကိုယ်စား  သင်တန်းသူ / သင်တန်းသား အဖွဲ့ခေါင်းဆောင်များကို သင်တန်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်