နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

''၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား'' ကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကိုဗစ်- ၁၉ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေးနှင့် ဒေါက်တာဌေးအောင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိူးအစား ဝိတ်တန်းအလိုက် (၄၅-၅၀) ကီလို အမျိုးသား/အမျိုးသမီး ဓါးအတိုက်ပြိုင်ပွဲ၊  (၅၇-၆၁) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊ (၄၉-၅၃) ကီလို အမျိုးသမီး ဗန်တိုအတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။

 

mdn

 

ထို့နောက်  ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ (၆၁-၆၅) ကီလို အမျိုးသမီး ဗန်တို အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း၊ (၄၅-၅၀) ကီလို အမျိုးသား ဓါးတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးကလည်းကောင်း၊ (၄၅-၅၀) ကီလို အမျိုးသမီး ဓါးတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်းကောင်း၊ (၄၉-၅၃) ကီလို အမျိုးသမီး ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိသူများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လည်းကောင်း၊ (၅၇-၆၁) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိသူများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က လည်းကောင်း၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်းဟာ က အမျိုးသား/အမျိုးသမီး လက်သိုင်း အတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် မောင်ဇွဲဝေယံဖြိုး (ရှမ်း) နှင့် မဆုမြတ်နိုး (တနင်္သာရီ)၊ ဓါးအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် မောင်စိုင်းလင်းထွေး (ရှမ်း) နှင့် မဇင်မို့မို့ထွေး (မကွေး) တို့ကို အကောင်းဆုံး အားကစားသမားဆု (Trophy) နှင့် ဆုကြေးငွေများကိုလည်းကောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်က ရွှေ (၆) ခု၊ ငွေ (၆) ခု၊ ကြေး (၁) ခုဖြင့်  အမျိုးသားတံခွန်စိုက်ဒိုင်း ရရှိသည့်  မန္တလေးတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်က  ရွှေ (၇) ခု၊ ငွေ (၂) ခု၊ ကြေး (၅) ခု ဖြင့်  အမျိုးသမီး တံခွန် စိုက်ဒိုင်းရရှိသည့်  မန္တလေးတိုင်း ဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်က ရွှေ (၁၃) ခု၊ ငွေ (၈) ခု၊ ကြေး (၆) ခုဖြင့်  စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့်  မန္တလေးတိုင်းဒေသကြီး အသင်းကိုလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

mdn

 

မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

သတင်းစဉ်