နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမတွင် ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုအလုပ်ရုံ ဆွေးနွေးပွဲသည် တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများ၌ တွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင်လည်း ယခင်ဆွေးနွေးပွဲများကဲ့သို့ ရလဒ်ကောင်းများ ပိုမိုရရှိနိုင်ရေး အားလုံးမှ ဆက်လက်ကြိုးစား ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ အဖွဲ့အစည်းများတွင် ချမှတ်ထားရှိသည့် ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မူလက ချမှတ်ထားရှိသည့် အဖွဲ့အစည်းပုံစံ၊ တည်ဆောက်မှု ပိုမိုတိုးတက်ကောင်းမွန်စေရေး သုံးသပ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းတို့ကို ခေတ်စနစ် အခြေအနေနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ပြုပြင်ခြင်း ဆောင်ရွက်ရာတွင်လည်း မိမိပတ်ဝန်းကျင်၊ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တီထွင်ကြံဆနိုင်မှု၊ စဉ်ဆက်မပြတ်လေ့လာမှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ခေါင်းဆောင်မှု၊ ပင်ကိုယ်အရည်အသွေး၊ အရည်အချင်းတို့သည်လည်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်မှုဖြစ်ပေါ်စေရေး အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် သာမက မိမိဌာန၊ အဖွဲ့အစည်းများအတွင်း မည်သည့်အချက်အလက်များ ပြုပြင်ပြောင်းလဲမှု ပြုလုပ်သင့်သည်၊ တိုးတက်မှုရရှိစေရေး မည်သည့်လုပ်ငန်းပိုင်းကို သုံးသပ်သင့်သည် စသည်ဖြင့် အမြဲမပြတ် တွေးခေါ် ကြံဆကြရန် ဖြစ်ပါကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အားလုံးမှ တက်တက်ကြွကြွ ဆွေးနွေးခဲ့သဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယခုကျင်းပသည့် တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲသည် အဖွဲ့အစည်းတစ်ရပ်၏ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်ခြင်းမှတစ်ဆင့် ပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ရွက် နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် " အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းမှု ပုံစံများ ပုံဖော်ရေးဆွဲခြင်း " ခေါင်းစဉ်နှင့် " အဖွဲ့အစည်းဆိုင်ရာ ဓလေ့ထုံးစံ "ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့တွင် "အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှု" ခေါင်းစဉ်နှင့် "အဖွဲ့အစည်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့များတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဆွေးနွေးတင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့် ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိဖြစ်ပြီး အရာထမ်း၊ အမှုထမ်း (၆၆) ဦးတို့က သတ်မှတ် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


