နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဗဟိုလုပ်ငန်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်သည့် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန် (၃) ဇုန်ဖွံ့ဖြိုး တိုးတက်ရန် ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့များအား ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်သည့့်အပြင်  စီမံခန့်ခွဲမှု ကော်မတီများကိုလည်း ပြန်လည်ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ ဇွန် (၁) ရက်တွင် ကျင်းပခဲ့ပြီး ဆောင်ရွက်ရမည့်ကိစ္စများကို လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ဇုန်များ၏ လုပ်ငန်းများ တိုးတက်ရန်၊ ဆက်လက်‌‌ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေးထိုးခဲ့သည့် စာချုပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များအနက် သီလဝါ အထူးစီးပွားရေးဇုန်၏ လုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နေသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် A ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇုန် B ကိုလည်း အပိုင်းလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ စက်ရုံပေါင်း (၁၂၂) ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၂,၁၄၉) ကျော်ခန့် ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် စက်ရုံပေါင်း (၁၀၂) ခု လည်ပတ်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သည် အရှိန်အဟုန်နှင့် တိုးတက်နေပါကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများက အထူးစီးပွားရေးဇုန်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် အမှာစာများဖြင့် တင်ပြလမ်းညွှန်မှု ခံယူခဲ့ကြသည်။ 

ဆက်လက်၍ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၏ သက်ဆိုင်ရာဇုန်အလိုက် အသေးစိတ် တင်ပြချက်များကို ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မှတ်တမ်းတင် အတည်ပြုခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်