ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်သည် ယနေ့ နံနက် ၆ နာရီခွဲတွင် ရန်ကင်း မြို့နယ်၊ (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျား ဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုး စုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုး တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အသား၊ ငါးနှင့် ဟင်းသီး ဟင်းရွက်များ လတ်ဆတ်စေရေး၊ အလေးချိန်ခွင် တိကျမှန်ကန်စေရေးနှင့် ဈေးရောင်း/ ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ရေး တို့ကိုမှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် သာကေတမြို့နယ်၊ ၆/ အနောက် ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ မင်္ဂလာကန်တော်ကြီးတွင် ကန်ရေခပ်ဆင်းသည့် အုတ်လှေကား အတက်/အဆင်း ပြုပြင်ရန်၊ ကန်စပ်ရှိ ပိုက်ကျော် ခြင်းကွင်းပြန်လည်ပြုပြင်ရန်၊ ကန်ပတ်လည် သန့်ရှင်းသာယာ ရေးဆောင်ရွက်ရန်နှင့် အမှတ် (၅) မြစ်ထွက်ပေါက်သို့ စီးဆင်းသော ကန်ဘေးရှိ ဇင်္ဂမလမ်း ရေမြောင်းအား Excavator ဖြင့် ပြန်လည်တူးဖော်ရှင်းလင်းရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ အမှတ် (၄) မြစ်ထွက်ပေါက် ရေမြောင်းအတွင်း အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ရှုခင်းသာ မြို့ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ခရိုင်နှင့်မြို့နယ် စည်ပင် ဝန်ထမ်းအင်အား (၁၀၀) ဖြင့် လမ်းဘေးဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ ရေမြောင်းများ တူးဖော်ရှင်းလင်းနေမှု၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရှုခင်းသာကစား ကွင်း (၄) ရှေ့ မြေပိုများတူးဖော်၍ မြေညှိပြုပြင်နေမှု၊ ကစားကွင်းအတွင်း သန့်ရှင်းရေး ဆောင် ရွက်နေမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလ ရပ်ကွက်၊ အလံပြဘုရားလမ်း၊ ဂျိုးဖြူ လမ်းနှင့် ကွမ်းခြံလမ်းဆုံ တြိဂံပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
(သတင်းစဉ်)


