ပဲခူး ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးအတွင်းအိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြင့်တက်လာသဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူ တစ်ဦးချင်းအလိုက် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ကျောင်းများမှလွှဲကျန်သည့် ဘာသာရေး အဆောက် အဦများ၊ အားကစားခန်းမများ၊ မြို့တော်ခန်းမများ၊ သင်တန်းဆောင်များနှင့် Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine များ အသင့်ဖြစ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရန်၊ နေရပ်ပြန်မြန်မာ နိုင်ငံသားများအား ကိုဗစ်(၁၉)ရောဂါ စစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရန်၊ လူအစုအလိုက် အပြုံလိုက် ရောဂါပိုးကူးစက်နိုင်သည့်နေရာများအား ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် စာရင်းဇယား အချက်အလက်များ မှန်မှန်ကန်ကန် စနစ်တကျ ပြုစုထားရှိရန် ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါတွေ့ရှိမှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တပ်ရင်းတပ်ဖွဲ့များရှိ Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှု နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တည်ဆောက်ပေးထားသည့် အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်းရှိ OxygenPlant အား အသင့်ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့ကို အကြံပြုတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ပေါ်ရှိ Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှု၊ Oxygen Plant လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


