နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
မျိုးစေ့ပြပွဲ ၂၀၂၂ ၏ စတုတ္ထနေ့ ဖြစ်သော ယနေ့တွင် စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခေတ်မီဒီဂျစ်တယ်နည်းပညာ၏ အရေးပါပုံ နှင့် မိုဘိုင်းဖုန်းကို အသုံးပြု၍ သတင်းအချက်အလက် ရယူသုံးစွဲနည်းများ၊ စိုက်ပျိုးရေး Call Center ဆိုင်ရာများ၊ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာများကို လူငယ်စွန့်ဦး တီထွင် (YSI) စိုက်ပျိုးရေးပညာရှင်များက ဟောပြောဆွေးနွေးခဲ့ကြပြီး ပြပွဲလာပြည်သူများ၊ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အွန်လိုင်းစနစ်ဖြင့် တက်ရောက် လေ့လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ လူငယ်စွန့်ဦးတီထွင် (YSI) စိုက်ပျိုးရေး ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဟောပြောဆွေးနွေးခဲ့ကြသည့် လူငယ်စွန့်ဦး တီထွင် (YSI) စိုက်ပျိုးရေး ပညာရှင်များကို အမှတ်တရလက်ဆောင်များ ဂုဏ်ပြုပေးအပ်သည်။
မျိုးစေ့ပြပွဲ ၂၀၂၂ ကို ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ လာရောက် လေ့လာခဲ့ကြပြီး အိမ်ခြံဝန်းဥယျာဉ် ပြကွက်နှင့် အသီးအပွင့်များ လှပဝေဆာနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်ခင်းများကို ကျောင်းသားကျောင်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကာ မိသားစု ဥယျာဉ်စိုက်ပျိုးရန် မျိုးစေ့ပျိုးပင်များ တပျော်တပါး ဝယ်ယူခဲ့ကြသကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဟင်းသီးဟင်းရွက်မျိုးစေ့များကို လက်ဆောင်အဖြစ် ပေးအပ်သည်။
မျိုးစေ့ပြပွဲ ၂၀၂၂ ၏ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူများ ပါဝင်ဆွေးနွေးမည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသွားမည် ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
သတင်းစဉ်


