မနီလာ ဖေဖော်ဝါရီ ၂၂
ဖိလစ်ပိုင်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၄၂၇ ဦးတိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၆၅၃၅၂၆ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၇၉ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ပေါင်း ၅၅၇၆၃ ဦးအထိ ရှိလာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလအတွင်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးအခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးတာဝန်ရှိသူ မာရီယာ ရိုဆာရီယို ဗာဂျီရီ က ပြောကြားလိုက်ပြီး နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ တွေ့ရှိနှုန်းသည်လည်း ၇ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လတ်တလော ကိုဗစ်-၁၉ ကူးဆက်ဖြစ်ပွားသူ ၅၈၆၅၇ ဦး ကျဆင်းခဲ့သည်။
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်လေးခု ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူပေါင်း ၃၉၀၀၄ ဦးဖြင့် ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သုံးရက်ဆက်တိုက် ၂၀၀၀ အောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းလာသောကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများလည်း ကျဆင်းလာခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင်လူဦးရေသန်း ၁၁ဝ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၆ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ