တူးနစ် ဖေဖော်ဝါရီ ၂၄
တူနီးရှားနိုင်ငံက တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့တွင် လက်ခံရရှိကြောင်း သိရသည်။
တူးနစ်မြို့ရှိ EI Aouina လေဆိပ်၌ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှန်ကျန်းကွေက အဆိုပါ ကာကွယ်ဆေးများကို တူနီးရှား ကျန်းမာရေးဝန်ကြီး အလီမရာဘက်အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လှူဒါန်းခြင်းအတွက် တရုတ်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးများအား လက်ရှိဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် အသုံးပြုသွား မည်ဖြစ်ကြောင်း တူနီးရှားကျန်းမာရေးဝန်ကြီး အလီမရာဘက်က ဆိုသည်။
တရုတ်သံအမတ်ကြီး ရှန်ကျန်းကျေကလည်း တူနီးရှားနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသည့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ကာကွယ်ဆေးများ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် တရုတ်နှင့်တူနီးရှား နှစ်နိုင်ငံ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လွန်ခဲ့သောနှစ် မတ် ၂၅ ရက်တွင် တရုတ်နိုင်ငံက တူနီးရှားနိုင်ငံအား ကာကွယ်ဆေးပထမအသုတ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်