ကိယက်ဗ် ဖေဖော်ဝါရီ ၂၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ ဖေဖော်ဝါရီ ၂၆ ရက် က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ရုရှားကို မဲပေးပိုင်ခွင့်ပိတ်ပင်ထားရန် ဂူတာရက်စ်အား တောင်းဆိုခဲ့ကြောင်း သိရသည်။
ဂူတာရက်စ်နှင့် ဇီလန်စကီးတို့ ဖုန်းဖြင့်ပြောကြားရာတွင် ကုလသမဂ္ဂအနေဖြင့် ယူကရိန်း နိုင်ငံနှင့်စပ်လျဉ်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကြိုးပမ်းမှုများအတွက် ရန်ပုံငွေထည့်ဝင်ကြရန်လည်း နိုင်ငံတကာ အသိုက်အဝန်းထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယူကရိန်းသမ္မတ ဇီလန်စကီးအား ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ယူကရိန်းနိုင်ငံအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးကို ဦးတည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများမှ တစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းရန်လည်း ရုရှားအား တောင်းဆိုထားကြောင်း သိရသည်။
မိမိတို့အနေဖြင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်