မော်စကို ဖေဖော်ဝါရီ ၂၈

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်ဆင်ရေး စတင်ဆင်နွှဲခဲ့သည့် နောက်ပိုင်း ယူကရိန်းစစ်ဘက် အဆောက်အအုံ ၉၇၅ ခုကို ရုရှားတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ရုရှားတပ်ဖွဲ့ဝင်များ၏ဖျက်ဆီး ခံလိုက်ရသည့် ယူကရိန်း စစ်ဘက်အဆောက်အအုံများထဲတွင် ကွပ်ကဲမှုစင်တာ ၂၃ ခုနှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် ၃၁ ခုတို့လည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောကြားသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ အား စစ်ဆင်ရေးဆင်နွှဲပြီးနောက် ပိုင်း ယူကရိန်းနိုင်ငံမှ အရပ်သား အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားသည်။ ရုရှားနိုင်ငံ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ နေထိုင်သည့် လူနေအိမ်ရာနှင့်ချီ ပျက်စီးခဲ့ကြောင်းနှင့် တံတားများနှင့် လမ်းများလည်း ပျက်စီးမှုရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားသည်။

 

ယူကရိန်းနိုင်ငံ၏ ဒေသတချို့တွင် လျှပ်စစ်နှင့် ရေပေးဝေမှုများ လည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၌ လူပေါင်း တစ်သိန်းခြောက်သောင်းကျော်သည် ပြည်တွင်းနေရပ်စွန့်ခွာမှုများရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်