ဘန်ဒါစီရီဘီဂါဝန် ဖေဖော်ဝါရီ ၂၈
ဘရူနိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက်က ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၃၉၆၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှုများပြားသည့် နေ့တစ်နေ့အဖြစ် ထပ်မံစံချိန်တင်ခဲ့သည်။
တစ်နိုင်ငံလုံးအနှံ့ စုစုပေါင်း ကူးစက်ခံရသူဦးရေမှာ ၅၅၄၈၅ ဦးအထိ ရှိလာခဲ့သည်။ နေ့စဉ် ကူးစက်ခံရသူ ၃၀၀၀ ကျော်လွန်လာသည်မှာလည်း ငါးရက်ဆက်တိုက်ရှိပြီဖြစ်သည်။
နောက်ထပ် ကူးစက်ခံရသူများမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ဘရူနိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ဒုတိယလှိုင်း ရင်ဆိုင်ရစဉ်ကထက် ကူးစက်ခံရသူဦးရေမှာ ပိုမိုများပြားနိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။ ဒယ်လ်တာကူးစက်မှုနေရာတွင် အိုမီခရွန်ကူးစက်မှုမှာ အစားထိုး ဝင်ရောက်လာသည်ဟုလည်း ပြောသည်။ ။
ဖေဖော်ဝါရီ ၂၅ ရက်အထိ ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီးသူမှာတိုင်းပြည်လူဦးရေ၏ ၅၃ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ဘရူနိုင်းနိုင်ငံတွင် ဖိုက်ဇာ၊ မော်ဒါများနှင့် ဆီနိုဖမ်းကာကွယ် ဆေးများကို ထိုးနှံပေးခဲ့သည်။ နိုင်ငံအတွင်း လက်ရှိရောဂါခံစားနေရသူ ၂၇၈၄၁ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ဦးရေမှာ ၂၇၅၂၇ ဦးရှိကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ကို ယာယီပိတ်ထားခဲ့ပြီး မတ်လ ၁၅ ရက်မတိုင်မီအထိ ပိတ်ထားဦးမည်ဟု သိရသည်။
ဆင်ဟွာ