ဖေဖော်ဝါရီ ၂၈
တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်း ကုန်းမြင့်ဒေသ ရုကာတွင် ပြီးခဲ့သည့်စနေနေ့က မိုးကြိုးပစ်ခံရမှုကြောင့် လယ်သမားခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
အင်န်ခါစီခရိုင် လူဝါကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မိုးကြိုးပစ်ခံရသဖြင့် လယ်သမားငါးဦး သေဆုံးခဲ့သည်ဟု ရုကာဒေသရဲတပ်ဖွဲ့မှူး ဝီလီယျံမာပါဟာလီက ဆိုသည်။
၎င်းတို့လယ်စိုက်ပျိုးနေစဉ် လယ်သမားငါးဦး မိုးကြိုးထိမှန်ခဲ့ကြောင်းနှင့် မိုးရွာသွန်းလာသဖြင့် တဲတစ်လုံးအတွင်း မိုးခိုနေစဉ် ထိုတဲကိုမိုးကြိုးပစ်သဖြင့် အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝီလီယျံမာပါဟာလီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက အဆိုပါကျေးရွာမှာပင် အမျိုးသားတစ်ဦးနှင့် ၎င်း၏သားဖြစ်သူတို့ လယ်လုပ်နေစဉ် မိုးကြိုးပစ်ခံရမှုကြောင့် ထိုသားအဖနှစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို