နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသော “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ” ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အရ မိမိတို့ကော်မတီ အနေဖြင့် ပထမငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသည့် လုပ်ငန်းများမှ ကလေးလုပ်သားများကို ဖယ်ရှား၍စေခိုင်းသူကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ် ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက် နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အရည်အသွေး ပြည့်မီသော ပညာသင်ကြားခွင့်ရရှိရေး အခမဲ့ ပညာသင်ကြားရေး ကျောင်းများနှင့် ချိတ်ဆက်ပေးရန်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အခြေခံ အချက်အလက်များကို ဖြည့်ဆည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့်လည်း မိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က ယခင်ကျင်းပခဲ့သည့် အစည်းအဝေးများတွင် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများ၏ ဆောင်ရွက်ထားရှိမှုနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်း ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကော်မတီသို့ အစီရင်ခံတင်ပြနိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် ကော်မတီဝင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


