နေပြည်တော် မတ် ၁

 

ကျန်းမာရေးဝန်ကြီးဌာန၊ သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း သူနာပြု/ သားဖွားများ၏ အင်အားကို ဖြည့်တင်းနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် အမျိုးသားကျန်းမာရေး မူဝါဒနှင့်အညီ၊ အမျိုးသား ကျန်းမာရေး စီမံကိန်း၊ ကျေးလက်ဒေသ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ် (၃၀)   နှစ်ရှည် စီမံကိန်းတို့ကို စနစ်တကျရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျား အပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

ကျန်းမာရေး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် များစွာအကျိုးပြုမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးကို အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များထဲတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ခြင်းနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လုံလောက်စွာ မွေးထုတ်ခြင်းဟူ၍ သတ်မှတ်ထားခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာ ရေးလူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြုဆရာ/ဆရာမများ၊ သားဖွား ဆရာမများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ်လေ့ကျင့် မွေးထုတ်လျက်ရှိကြောင်း။

 

ယခု အလုပ်ခန့်အပ်တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ဆရာမများကို အထူးမှာကြား လိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ်သဲတစ်ပွင့် ထမ်းရွက်ရာ၌ မိမိတို့ တာဝန်ကျရာနေရာ ဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက် မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရေးကို ပညာပြည့်ဝ နှလုံးလှစွာ ချိုသာပျူငှာ ဆက်ဆံကြပါရန်နှင့် အခြေခံ သူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော သူနာပြု ဆရာ/ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ သူနာပြုမိခင်ကြီး ဖလောရင့်စ်နိုက်တင်ဂေးလ်၏ စိတ်ဓာတ်၊ မြန်မာနိုင်ငံမှ ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုရရှိခဲ့သည့် သူနာပြု(၄)ဦးတို့ကို စံပြုထား၍ ကိုယ်ကျိုးစွန့်ပြီး လူနာများ၏ အသက်အန္တရာယ်များကို ကာကွယ်ပြုစု စောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း၊ မည်သည့်အခြေအနေမျိုးဖြင့် ကြုံတွေ့စေကာမှု လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုး မပြုလုပ်စေလိုကြောင်းကို အထူးအလေးထား မှာကြားလိုပါကြောင်း။

 

လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရရှိစေရန်အတွက် မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးမှ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြသည့် ဂုဏ်ယူထိုက်သော သူနာပြုဆရာ/ဆရာမကောင်းများ ဖြစ်ကြစေရန် ဆန္ဒပြုပါကြောင်း မှာကြားသည်။

 

ထို့နောက် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော်သူနာပြုသင်ကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြုများအတွက် သူနာပြုခန့်အပ် တာဝန်ပေးအပ်ခြင်းများကို ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပေးအပ်ရာ သက်ဆိုင်ရာသစ်လွင် သူနာပြုကိုယ်စားလှယ်များက လက်ခံရယူပြီး၊ သစ်လွင်သူနာပြု တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့အခမ်းအနားတွင် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသင်ကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု (၆၅) ဦးကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌လည်းကောင်း၊ သူနာပြု/ သားဖွားသင်တန်းကျောင်း (၂၂) ကျောင်းမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု (၆၁၉) ဦးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်းကောင်း သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး၊ စုစုပေါင်းသစ်လွင်သူနာပြု (၆၈၄) ဦး ခန့်ထားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မကြာမီ သင်တန်းပြီးဆုံးမည့် သားဖွားဆရာမ (၁၆၅) ဦးကိုလည်း အမြန်ဆုံးအလုပ်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသော သူနာပြုသားဖွားသင်တန်း၊ ပေါင်းကူး သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်