ဂျကာတာ မတ် ၁

 

အင်ဒိုနီးရှားနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၂၅၀၅၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၅၆၄၄၄၈ ဦးရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၆၂ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၄၈၃၃၅ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၄၃၉၉၂ ဦး ထပ်တိုး လာခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၄၈၆၁၄၁၅ ဦးရှိလာကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ၌ လူပေါင်း ၁၉၀ ဒသမ ၆၇ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၁၄၃ ဒသမ ၇၇ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံအစိုးရက ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၄၄ ဒသမ ၂၆ သန်းကျော်အား အသုံးပြုပြီးဖြစ်ကြောင်းနှင့် နိုင်ငံ၏လူဦးရေ ၂၀၈ ဒသမ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရေး ရည်ရွယ်လျက်ရှိကြောင်းလည်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်